ဝန်ကြီးဌာန အကြောင်း

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

နောက်ခံသမိုင်း

၁။          ၁၉၇၂ ခုနှစ်မတိုင်မီ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာနကို ဦးစီးဌာန/ အဖွဲ့အစည်း (၁၇) ခုဖြင့် ဖွဲ့စည်းထားရှိပြီး ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ငွေကြေးစနစ်နှင့် စီးပွားရေး ဖွံ့ဖြိုးရေး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

၂။      တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၇၂ ခုနှစ်၊ အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ရေး အစီအစဉ်အရ အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန တို့ကို ပေါင်းစပ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဟု ခေါ်တွင်ခဲ့ပြီး ဝန်ကြီးဌာန၏ ပင်ရင်းလုပ်ငန်း များကို ဆောင်ရွက်ရန် ဦးစီးဌာန/ အဖွဲ့အစည်း/ လုပ်ငန်း(၁၅)ခု ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၃။       ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန၊ ကော်ပိုရေးရှင်း အဖွဲ့ (၁၃) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၄။       မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဦးဆောင်သည် ၁၉၈၈ ခုနှစ်တွင် အစိုးရအဖွဲ့ ဦးဆောင်မှု ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ဦးစီးဌာန/ လုပ်ငန်း / အဖွဲ့အစည်း (၁၈) ခုဖြင့် ဖွဲ့စည်း ခဲ့ပါသည်။

၅။       ၁၉၉၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအား အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာနအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဌာနကြီး (၆) ခုနှင့် ဦးစီးဌာန (၆) ခု စုစုပေါင်း (၁၂ ) ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၆။       ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ဘဏ္ဍာရေး ဝန်ကြီးဌာနအဖြစ် အမည် ပြောင်းလဲခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုလည်း ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်မှ ခွဲထွက်၍ သီးခြား ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် လုပ်ငန်း (၁) ခုနှင့် ဦးစီးဌာန (၂) ခုတိုးချဲ့၍ လုပ်ငန်းဌာနကြီး (၅) ခုနှင့် ဦးစီးဌာန (၈) ခု စုစုပေါင်းဌာနကြီး (၁၃) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၇။       ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်ရုံးအား  ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်း၊ အမှတ် ၂၁-၂၅ ၊ မြန်မာ့ စီးပွားရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီးရုံး၏ ဒုတိယထပ်တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

၈။       ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ငွေတိုက်ဦးစီးဌာနကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ငွေကြေးနှင့် ကြွေးမြီ စီမံခန့်ခွဲမှုလုပ်ငန်း များ၊ အစိုးရငွေစာရင်းများ စုစည်းပေါင်းချုပ်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်းများကို ဆောင်ရွက်ရန် အတွက် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၉။       ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း ကို ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၀။      ၂ဝ၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လုပ်ငန်းများ ကျစ်လစ်သိပ်သည်းစွာ ဆောင်ရွက်နိုင်ရန် လုပ်ငန်းသဘော သဘာဝချင်း ဆက်စပ်တူညီသည့် ဝန်ကြီးဌာနများကို ပေါင်းစည်းမှုအရ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (၂) ခုတို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (၁) ခုတည်းအဖြစ် ပြန်လည်ပူးပေါင်း၍ ဦးစီးဌာန/လုပ်ငန်း/ အဖွဲ့အစည်း (၂၀) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၁။       ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သဖြင့်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း (၁၈) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၂။     ၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနတို့ကို ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြည်ထောင်စု ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန/ လုပ်ငန်း / အဖွဲ့အစည်း စုစုပေါင်း (၂၆) ခုဖြင့် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။ 

၁၃။       ၂ဝ၂ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားသည့် အခွန်အယူခံခုံအဖွဲ့ရုံးကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံးတွင် e-Government ဌာနခွဲ (၁) ခုတိုးချဲ့ ခဲ့ပါသည်။

၁၄။    ၂ဝ၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကို  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင် ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်း စုစုပေါင်း (၁၉) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

၁၅။       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန လက်အောက်တွင် ပြည်ထောင်စုဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန/အဖွဲ့အစည်း စုစုပေါင်း (၁၃) ခုဖြင့် ဖွဲ့စည်းခဲ့ပါသည်။

 ဖွဲ့စည်းပုံ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံးအပါအဝင် အောက်ပါ ဦးစီးဌာန/ အဖွဲ့အစည်း (၁၃) ခုဖြင့် ဖွဲ့စည်းထားပါသည်-

(၁)      ပြည်ထောင်စုဝန်ကြီးရုံး၊

(၂)      မြန်မာ့စီးပွားရေးဘဏ်

(၃)      မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်

(၄)      မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်

(၅)      မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

(၆)      မြန်မာ့အာမခံလုပ်ငန်း

(၇)      ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

(၈)      ငွေတိုက်ဦးစီးဌာန

(၉)      ပြည်တွင်းအခွန်များဦးစီးဌာန

(၁၀)    အကောက်ခွန်ဦးစီးဌာန

(၁၁)    ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

(၁၂)    ပင်စင်ဦးစီးဌာန

(၁၃)    ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး